မြို့တော် တောင်ကြီး အပါအဝင် ရှမ်းတောင်ဒေသတွင် လျှပ်စစ်မီးပြတ်တောက်ချိန် များလာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, July 5, 2026

မြို့တော် တောင်ကြီး အပါအဝင် ရှမ်းတောင်ဒေသတွင် လျှပ်စစ်မီးပြတ်တောက်ချိန် များလာ

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်

.

ဇွန်လကုန်ပိုင်းမှ စတင်၍ တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းရှိ မြို့နယ် များတွင် လျှပ်စစ်မီး ပြတ်တောက်ချိန် များပြားလာနေသည်ဟု ဒေသခံများထံက သိရသည်။

.



.

“အခုက ကျောင်းဖွင့်ပြီးမှ မီးပြတ်ချိန်က ပိုများလာတယ်။ ခဏခဏပြတ်တယ်။ ပြီးတော့ ဘယ်အချိန်ပြတ်လို့ ဘယ်အချိန် လာမယ်မှန်းမသိ၊ ကလေးတွေ ထမင်းချိုင့်ထုပ်ဖို့ကအစ ခက်ခဲရတာပေါ့။ အခုရက်ပိုင်းဆိုရင် အနည်းဆုံး တစ်ရက်ကို နှစ်ကြိမ်လောက် ပြတ်ပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

.

ထို့အပြင် လျှပ်စစ်မီး ဖြတ်တောက်ရာတွင် ပြည်သူလူထုအား ကြိုတင်အသိပေးအကြောင်းကြားခြင်း၊ အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ပေးခြင်းမျိုး မရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“မီးဖြတ်မယ် ဆိုရင်လည်း ဘယ်အချိန်ဖြတ်၊ ဘယ်အချိန်ပေးမယ် ဆိုတာ သိရရင် ကောင်းတာပေါ့။ တချို့ မြို့နယ်တွေမှာ ဆိုရင် ESE Facebook Page လေးဖွင့်ပြီး အလုပ်လုပ်တာ တွေ့ရတယ်။ ဒီမှာက အဲဒီလိုလည်း မရှိဘူး။ ပျက်ချင်တဲ့အချိန်ပျက်၊ လာချင်တဲ့အချိန်လာဆိုတော့ လုပ်ရကိုင်ရခက်၊ ထမင်းချက်ရင် ထမင်းပျက်၊ ဟင်းချက်ရင် မကျက်နဲ့ တော်တော်ကို ဒုက္ခရောက်ပါတယ်” ဟု အိမ်ရှင်မတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ် အင်ဂျင်နီယာမှူးကမူ ရှမ်းတောင်ဒေသအတွင်း မြို့အများစုတွင် အနည်းဆုံး တစ်ရက် ၁၆ နာရီ လျှပ်စစ်မီး ရရှိနေပြီး အချို့မြို့များတွင် ၂၄ နာရီအပြည့် နီးပါး လျှပ်စစ်ဓါတ်အား ရရှိနေပြီဖြစ်သည်ဟု ပြောဆိုထား သည်။

.

“လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ပြည်သူကို ဓါတ်အားပိုမိုရရှိရေးအတွက် ဆောင်ရွက် နေရာမှာ ရှမ်းတောင်မှာ တစ်နေ့ကို ၁၆ နာရီလောက် မီးရပါတယ်။ တချို့မြို့တွေ ၂၄ နာရီနီးပါ အပြည့်ရ ပါတယ်။ လျှပ်စစ်စွမ်းအင် ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက် အရ လည်း လျှပ်စစ်ဓါတ်အား ပျောက်ဆုံးမှု‌ လျော့နည်းရေး၊ ဓါတ်အားစနစ် ကြံ့ခိုင်ရေးများကိုလည်း ဆောင်ရွက် လျက်ရှိပါတယ်” ဟု ပြည်နယ်အင်ဂျင် နီယာမှူးက ပြောသည်။

.

ထို့အပြင် ဓါတ်အားခွဲလိုင်းမျာ၊ ခွဲရုံများ ပြုပြင်ရန်အတွက် လျှပ်စစ်ဓါတ်အား ယာယီဖြတ်တောက်ရာတွင် လည်း မီဒီယာများမှတစ်ဆင့် ပြည်သူကို အသိပေးထုတ်ပြန်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ပြည်သူ ကို အလေးထားရန် ဝန်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်သည်ဟု ၎င်းက ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးခရိုင်အနေဖြင့် တောင်ကြီးခရိုင်၊ လွိုင်လင် ခရိုင်၊ လင်းခေးခရိုင် ဟူ၍ ခရိုင်ကြီး ၃ ခု ခွဲခြားထားပြီး ရှမ်းတောင်ဒေသအတွင်းရှိ မြို့ပေါင်း ၃၇ မြို့ အနက် ၃၅ မြို့တွင် နိုင်ငံတော်ဓါတ်အားစနစ် ရရှိပြီးဖြစ်ကာ မိုင်းရှူးမြို့နယ်အတွင်းရှိ မိုင်းစံမြို့တွင် ဒီဇယ် အင်ဂျင်ဖြင့်လည်းကောင်း၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့တွင် အသေးစား ရေအားလျှပ်စစ်ဖြင့်လည်းကောင်း ဓါတ်အားပေးလျက်ရှိကြောင်း သိရသည်။

.

ကျေးလက်ဒေသ အနေဖြင့် ရှမ်းတောင်တွင် ကျေးရွာပေါင်း ၄၇၇၃ ရွာ ရှိသည့်အနက် ကျေးရွာ ၁၉၁၂ ရွာတွင် နိုင်ငံတော်ဓါတ်အားစနစ် ရောက်ရှိပြီး ကျေးရွာပေါင်း ၄၇၇ ရွာတွင် အခြားနည်းဖြင့် ဓါတ်အားပေးလျက်ရှိကာ လျှပ်စစ်မီး မရရှိသေးသည့်ကျေးရွာ ၂၃၈၄ ရွာ ကျန်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages