.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်
.
အီရန်ခေါင်းဆောင်ဟောင်း ခါမေနီရဲ့ ဈာပနကို ဒီနေ့
ဇူလိုင်လ ၅ ရက်မှာ စတင်ပြုလုပ်နေပြီး အခမ်းအနားမှာ သား သုံးဦး တက်ရောက်ခဲ့ပေမဲ့ သူ့နေရာကို
ဆက်ခံတဲ့ လက်ရှိခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီတော့ မပါဘူး လို့ သိရပါတယ်။
.
.အီရန်ရုပ်သံမှာ ပြသတဲ့ သတင်းတွေအရ အယာတိုလာ အလီခါမေနီရဲ့
ရုပ်အလောင်းရဲ့ နောက်မှာ သားသုံးယောက် ဖြစ်တဲ့ မိုစတာဖာ၊ မေဆမ်နဲ့ မာဆွတ်ခါမေနီတို့
ဆုတောင်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
.
လူထုရဲ့ တော်လှန်စိတ်နဲ့ သစ္စာစောင့်သိမှုကို ပြသတဲ့အနေနဲ့
ခါမေနီရဲ့ ဈာပနကို ရက်သတ္တပတ်ကြာ ကျင်းပပြုလုပ်နေတာဖြစ်ပြီး ရုပ်အလောင်းကို အိမ်နီးချင်း
အီရတ်နိုင်ငံအထိလည်း လှည့်လည်သယ်ဆောင်ဖို့ အစီအစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
.
အီရန်ခေါင်းဆောင်ဟောင်း ခါမေနီရဲ့ ရုပ်အလောင်းကို
လပေါင်းအတော်ကြာ ထိန်းသိမ်းထားခဲ့ပြီးနောက် စနေနေ့မှာ ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်လိုက်တာလည်းဖြစ်ပြီး
သူရဲ့ ရုပ်အလောင်းနဲ့အတူ သူ့ရဲ့သမီး၊ သားမက်၊ ချွေးမနဲ့ အသက် ၁၄ လအရွယ် မြေးမလေးရဲ့
ရုပ်အလောင်းတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
.
ဒါပေမဲ့ လက်ရှိ အီရန်ခေါင်းဆောင်ဖြစ်လာတဲ့ ခါမေနီရဲ့သား
မိုဂျ်တာဘာ ကတော့ အခုချိန်အထိ လူမြင်ကွင်းက ပျောက်ကွယ်နေဆဲဖြစ်ပြီး သူ့ရဲ့ဖခင် ခါမေနီနဲ့
မိသားစုဝင်တွေ သေဆုံးခဲ့တဲ့ တိုက်ခိုက်ခံရမှုအတွင်း သူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့
သတင်းတွေ ထွက်နေတာပါ။
.
မိုဂျ်တာဘာ ခါမေနီရဲ့ မျက်နှာဟာ ရုပ်ပျက်ဆင်းပျက်
ဖြစ်နေပြီး သူရဲ့ခြေထောက် တစ်ဘက် သို့မဟုတ် နှစ်ဘက်လုံးလည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့
သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
.
အမေရိကန်နဲ့ လေးလကြာ ဖြစ်ပွာခဲ့တဲ့ စစ်ပွဲကို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နဲ့
ဆိုင်းငံ့လိုက်ပြီ ဖြစ်ပြီး အီရန်အတွက် ကြီးမားတဲ့ စီးပွားရေးအကျိုးအမြတ်တွေကို ဆောင်ကြဉ်းပေးလိမ့်မယ်လို့
အီရန် အာဏာပိုင်တွေက ပြောဆိုထားပါတယ်။
.
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဈာပနအခမ်းအနားကြောင့်
ငြိမ်းချမ်းရေးဆွေးနွေးမှုကို တစ်ပတ်ကြာ ရပ်နားထားတယ်လို့ Axios သတင်းဌာနကို ပြောဆိုထားပါတယ်။
.
အီရန်ပြည်သူ အမြောက်အမြားက ရင်ဘတ်ကို ထုရိုက်ကာ ဝမ်းနည်းပူဆွေး
ငိုကြွေးပြီး ရုပ်အလောင်းတွေ ထားရှိရာ မိုဆာလာ ဝတ်ပြုကျောင်းဆီကို စုပြုံတိုးဝှေ့ ရောက်ရှိလာနေကြပါတယ်။
အဲဒီလို လူထုတွေ မြို့လယ်ဆီကို စုပြုံလာခဲ့ကြတဲ့အတွက် အီရန်မြေအောက်ရထား ကွန်ရက်မှာ
စနေနေ့ည နှောင်းပိုင်းကနေ ဒီကနေ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ ခရီးသည်လိုက်ပါမှု ၇ သန်းကျော်
ရှိခဲ့တယ်လို့ အီရန် မီးရထားလုပ်ငန်း က ထုတ်ပြန်ထားပါတယ်။
.
အီရန်အာဏာပိုင်တွေက ခါမေနီရဲ့ ဈာပန စီတန်းလှည့်လည်ပွဲအတွက်
လူသန်းပေါင်းများစွာနဲ့ ပြုလုပ်ဖို့ စီစဉ်ထားပြီး သယ်ယူပို့ဆောင်ရေး၊ အစားအစာနဲ့ နေရာထိုင်ခင်းတွေလည်း
စီစဉ်ထားတယ်လို့ သိရပါတယ်။
.
Source – Reuters
.

No comments:
Post a Comment