.
၂၀၂၆ ခုနှစ် ၊ ဇူလိုင် ၄ ရက်
.
လူဆိုတာကတော့ ဘယ်သူပဲဖြစ်ဖြစ်
ပိုက်ဆံသုံးချင်ကြတာပေါ့။ ပိုက်ဆံဆိုတာ မရှိလေ ပိုသုံးချင်လေပဲလေ မဟုတ်ဘူးလား။
ပြီးတော့ ဒီလူ့ဘဝကို ရတုန်းပဲ ပိုက်ဆံဆိုတာ သုံးခွင့်ရှိတာ၊ နောက်ဘဝမှာ
ငါးတွေဘာတွေ သွားဖြစ်နေပြန်ရင်လည်း ပိုက်ဆံသုံးရမှာမဟုတ်။ ဒီတော့
လူပီသအောင်ဆိုပြီး ပိုက်ဆံကို သုံးကြတဲ့သူတွေ အများကြီးပါ။
.
ရှိလို့ သုံးကြတဲ့သူတွေက ဘာမှမဖြစ်ပေမဲ့ ကိုယ်က
တစ်လကို ၃ သိန်းလောက်ဝင်ပြီး ၁၀ သိန်းလောက် သုံးချင်နေတာ ဆိုရင်တော့
ပြဿနာကြီးသွားပါပြီ။
.
ဒီနေ့ ပြောပြပေးမယ့် အကြောင်းကတော့ အဲဒီလို
ပိုက်ဆံသုံးချင်တဲ့စိတ်တွေကို ဘယ်လိုဖျောက်မလဲ ဆိုတာပါ။
.
ဒီအချက်တွေက ငွေကြေးနဲ့ပတ်သက်တဲ့အကြံပေး
ဝက်ဆိုက်တွေမှာ ဖော်ပြပေးထားတာကို ဘာသာပြန်ပေး တာသာဖြစ်ပြီး
ကျွန်တော့်ရဲ့အာဘော်လေး အနည်းအကျဉ်းကိုတော့ ထည့်သွင်းထားတယ်ဆိုတာ ဝန်ခံ ပါရစေ။
.
■ ဘာကိုပဲလိုချင်လိုချင် ၂၄ နာရီ စောင့်ပါ
စိတ်ထဲမှာ တစ်ခုခုကို အရမ်းလိုချင်နေပြီ၊
အရမ်းဝယ်ချင်နေပြီလို့ ပေါ်လာပြီဆိုရင် ချက်ချင်းမဝယ်သေးဘဲ အနည်းဆုံး
တစ်ရက်လောက်တော့ စောင့်လိုက်ပါ။ ပစ္စည်းတစ်ခုကို ဝယ်ချင်လာတဲ့သူ အများစုက စိတ် လှုပ်ရှားမှုကြောင့်
ဝယ်ချင်တာ၊ သူများတွေဝယ်လို့ ဝယ်ချင်ကြတာဖြစ်တာမို့ နောက်တစ်ရက်မှာ
ဝယ်ချင်တဲ့စိတ်က လျော့သွားတတ်ပါတယ်။ ဒီတော့ ဘာပဲလိုချင်လိုချင် တစ်ရက်လောက်တော့
စောင့်လိုက်ပါ။
.
■ ပိုက်ဆံကို လက်ထဲမထားပါနဲ့
ပိုက်ဆံကို လက်ထဲမထားနဲ့ဆိုလို့ Kpay ထဲထည့်ထားတာမျိုးဆိုရင်လည်း ဘာမှမထူးပါဘူး။ Kpay နဲ့လည်း
ဝယ်ဖြစ်နေတာပဲလေ။ ပိုက်ဆံကို လက်ထဲမထားနဲ့ဆိုတာက သုံးလို့လွယ်တဲ့နေရာတွေမှာ
မထားနဲ့။ ဥပမာ - ဘဏ်စာအုပ်ထဲကို ပိုက်ဆံထည့်ထားလိုက်တယ်ဆိုရင် တစ်ခုခုဆို ဘဏ်သွားရမှာပျင်းနေတာနဲ့ပဲ သိပ် သုံးဖြစ်မှာမဟုတ်ဘူး။
စနေ၊ တနင်္ဂနွေတွေ ပိုက်ဆံဖြုန်းချင်စိတ် ပေါ်လာရင်လည်း ဘဏ်ပိတ်ရက်မို့
ဖြုန်းဖြစ်မှာမဟုတ်တော့ဘူး။ ဒီတော့ ပိုက်ဆံကို သုံးဖို့လွယ်တဲ့နေရာတွေမှာ မထားတာ
အကောင်းဆုံးပါ။
.
■ လိုချင်တာနဲ့လိုအပ်တာ ခွဲပါ
ကိုယ်က တစ်ခုခုကို လိုချင်တာပြီဆိုရင် အဲဒါက
ကိုယ်လိုချင်တာလား၊ ဒါမှမဟုတ် ကိုယ့်အတွက် တကယ်လို အပ်တာလားဆိုတာ
သေချာသိအောင်လုပ်ပါ။ ကိုယ့်အတွက် တကယ်လိုအပ်နေတဲ့ပစ္စည်းမဟုတ်ဘဲ
လိုချင်ရုံပဲဆိုရင် မဝယ်ပါနဲ့။ လိုချင်ရုံပဲ ဆိုတဲ့ပစ္စည်းက
အချိန်တစ်ခုရောက်တဲ့အခါ ကိုယ့်အတွက် ဘာမှ အဓိပ္ပာယ်မရှိပဲ ဖြစ်သွားတတ်တာမို့ပါ။
.
■ စိတ်ဖိစီးတာကို အကြောင်းမပြပါနဲ့
တချို့က အလုပ်ပင်ပန်းလို့ ဟိုဟာစားချင်၊
ဒီဟာစားချင်၊ ဟိုသွားချင်၊ ဒီသွားချင်ဆိုပြီး ဖြစ်တတ်ကြပါတယ်။ တချို့ကျတော့လည်း
စိတ်တွေဖိစီးလာတဲ့အခါ ဘာမှမလုပ်ချင်ဘဲ ပိုက်ဆံပဲ သုံးချင်တယ်ဆိုတဲ့သူတွေလည်း
ရှိကြတာပါ။ ဒီတော့ အလုပ်ပင်ပန်းတာတွေ၊ စိတ်ဖိစီးတာတွေနဲ့ ပိုက်ဆံသုံးချင်တာကို
မချိတ်ဆက်ထားပါနဲ့။ အဲဒီအစား အစားထိုးတဲ့အလေ့အကျင့်တစ်ခုခု ရအောင်ကြိုးစားကြည့်ပါ။
ဥပမာ စိတ်ဖိစီးတိုင်း တရား တစ် နာရီ ထိုင်မယ်ဆိုရင် နောက်ပိုင်း
တရားမထိုင်ချင်တာကြောင့် စိတ်ဖိစီးတယ်ဆိုတာ ဘာမှန်းမသိဘူး လို့တောင်
ဖြစ်သွားပါလိမ့်ဦးမယ်။
.
■ ပမာဏတစ်ခုသတ်မှတ်ခြင်း
ကိုယ်က မပျော်ရရင်မနေနိုင်ဘူး၊ ပိုက်ဆံမသုံးရရင်
ရူးချင်သလိုလို ဖြစ်တယ်ဆိုရင်လည်း မတတ်နိုင်တဲ့အဆုံး ပမာဏတစ်ခု သတ်မှတ်လိုက်ပါ။
ဥပမာ ကိုယ်က ဝင်ငွေ ၅ သိန်းလောက်ရှိနေရင် ၁ သိန်းလောက်ကို ပျော်ပျော်ကြီးသုံးဖို့
ဖယ်ထားလိုက်ပေါ့။ ဒါပေမဲ့ အဲဒီသတ်မှတ်ထားတဲ့ပမာဏကို သုံးပြီးသွားပြီဆိုရင်လည်း
ဆက်ပြီးမသုံးဖြစ်ဖို့ ကိုယ့်စိတ်ကိုယ်ထိန်းဖို့တော့ လိုပါလိမ့်မယ်။
.

No comments:
Post a Comment