ထိုင်းနိုင်ငံ၊ မုခ်ဒဟန်ပြည်နယ်ထဲမှာ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး မောင်းနှင်လာတဲ့ ပစ်ကပ်ကားနဲ့ တိုက်မိတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဘုန်းကြီးတွေ ပျံလွန်တော်မူခဲ့ကြတာကို အားလုံး သိကြမှာပါ။ ဒါပေမယ့် အဲဒီ ဆုံးပါးသွားခဲ့တဲ့ ဘုန်းကြီးတွေထဲမှာ ပါဝင်ခဲ့တဲ့ ဘုန်းကြီး မိခင်တစ်ဦးက သူမရဲ့ သားဟာ ပြီးခဲ့တဲ့ နှစ်ကပဲ အသက် အန္တရာယ်ရှိတဲ့ ယာဉ်မတော်တဆမှု တစ်ခုကနေ လွတ်မြောက်လာခဲ့တာ ဖြစ်ပြီး သာသနာ့ဘောင်အတွင်း ဝင်ရောက်ပြီးချိန်မှာ အခုလို ထပ်မံ ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။
.
အသက် ၄၁နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ချိုင်လတ် ဟာ ဗုဒ္ဓဘာသာ တရားကျင့် ခရီးအဖြစ်
ဘုန်းတော်ကြီးအဖွဲ့နဲ့ အတူ လမ်းလျှောက် ကြွချီနေစဉ်မှာပဲ ယာဉ်တိုက်မှု ဖြစ်ပြီး
ပျံလွန်တော်မူခဲ့ရတာပါ။ သူ့ရဲ့ အသက် ၆၉ နှစ်အရွယ် မိခင် ပန်ဂျာက ချိုင်လတ်ဟာ
မိသားစုရဲ့ အငယ်ဆုံးသား ဖြစ်ပြီး သားငယ်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် မိသားစု တစ်ခုလုံး
ဝမ်းနည်း ကြေကွဲနေကြတယ်လို့ ဆိုပါတယ်။
.
ပန်ဂျာက သူမရဲ့နေအိမ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး သားဖြစ်သူ
ချိုင်လတ်ရဲ့ အကြောင်းကို ပြောဆိုခဲ့တာပါ။ ချိုင်လတ် ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ
ပြင်းထန်တဲ့ ယာဉ် မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရပြီး ဆေးကုသမှု ခံယူခဲ့ပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်နဲ့
ကိုယ်လက် လှုပ်ရှားနိုင်စွမ်း အချို့က အပြည့်အဝ ပြန်လည် ကောင်းမွန်လာခြင်း မရှိဘဲ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ချိုင်လတ်က ကျေးရွာ ဘုန်းတော်ကြီးကျောင်းက
ဘုန်းကြီးနဲ့ ရင်းနှီးလာခဲ့ပြီး ဘုန်းကြီးက ချိုင်ဘတ်ကို သာသနာ့ဘောင်ထဲ သွင်းဖို့
အကြံ ပေးခဲ့တာပါ။
.
ချိုင်လတ် ကိုယ်တိုင်ကလည်း ရဟန်း ဝတ်ချင်တဲ့ ဆန္ဒ ပြင်းပြနေခဲ့တာကြောင့်
သူမက နောက်ဆုံးမှာ သဘော တူခဲ့ရတဲ့အကြောင်း ပန်ဂျာက ပြောခဲ့ပါတယ်။ ဘုန်းကြီး ဝတ်ပြီးတဲ့
နောက်မှာတော့ ချိုင်လတ်က ရွာဘုန်းကြီးနဲ့အတူ နေရာအနှံ့ လမ်းလျှောက်ကြွချီတဲ့
တရားကျင့်ခရီးအဖြစ် မကြာခဏ ထွက်လေ့ ရှိပြီး ခရီးစဉ်တိုင်းမှာ ဘေးကင်းစွာနဲ့
ပြန်လည် ရောက်ရှိခဲ့တဲ့ အကြောင်း ပန်ဂျာက ဆိုပါတယ်။
.
နောက်ဆုံး ခရီးမထွက်ခင်မှာ ချိုင်လတ်က ပန်ဂျာရှိရာဆီ လာရောက် ကန်တော့ခဲ့ပြီး
တရားကျင့် ခရီး တစ်ကြိမ် ထပ်ထွက်ပြီးတဲ့နောက် ဝါတွင်းကာလအတွက်
ရွာဘုန်းကြီးကျောင်းကို ပြန်လာမယ်လို့ မိခင်ဖြစ်သူကို ပြောခဲ့တာပါ။
.
“ကျွန်မက စိတ်ပူလို့ သားရယ်၊ မသွားဘဲ နေလို့ မရဘူးလား
လို့ မေးခဲ့မိပါတယ်။ သူကလည်း ကျွန်တော် မသေပါဘူး လို့ပဲ ပြန်ဖြေတယ်။
အဲဒီနောက်မှာတော့ ဘာမှ ထပ်မပြောတော့ဘဲ မုခ်ဒဟန်ကို သွားတဲ့အဖွဲ့နဲ့
ထွက်သွားခဲ့တယ်” လို့ ပန်ဂျာက မျက်ရည်တွေနဲ့ ပြောခဲ့တာပါ။
.
ယာဉ်တိုက်မှုအကြောင်း သတင်း ကြားရချိန်မှာ ပန်ဂျာတစ်ယောက်
တုန်လှုပ်သွားခဲ့ပြီး အတူ ပါသွားတဲ့ ရွာဘုန်းကြီးဆီ ဖုန်းဆက်ဖို့ ခင်ပွန်း ဖြစ်သူကို
ပြောဆိုခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ရွာဘုန်းကြီး ကိုယ်တိုင်လည်း
ယာဉ်တိုက်မှု အတွင်းမှာ ဒဏ်ရာ ရရှိခဲ့တယ်လို့ ပန်ဂျာက သိခဲ့ရတာပါ။
.
တရားကျင့် အဖွဲ့နဲ့အတူ ချိုင်လတ်ရဲ့ တူ ဖြစ်သူလည်း
လိုက်ပါသွားခဲ့ပြီး ယာဉ်တိုက်မှု ဖြစ်ပြီးတဲ့နောက် ချိုင်လတ်ကို ကယ်ဖို့
ကြိုးစားခဲ့ပေမယ့် လက်ပေါ်မှာတင် အသက် ဆုံးရှုံးသွားခဲ့တဲ့ အကြောင်း မိသားစုကို
ပြန်လည် ပြောပြခဲ့တာပါ။
.
ပန်ဂျာကတော့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ည အပြီးမှာ
ရွာဘုန်းကြီးကျောင်းက ခွေးတွေ တစ်ညလုံး အူနေခဲ့တဲ့ အကြောင်းနဲ့ သားဖြစ်သူအတွက်
ကောင်းမွန်တဲ့ ဘဝကို ကူးပြောင်းနိုင်ဖို့ ဆုတောင်းပေးခဲ့တဲ့ အကြောင်း ဆိုပါတယ်။ ဒါ့အပြင် သားဖြစ်သူရဲ့ဝိဉာဉ် က မိဘအိမ် ဒါမှမဟုတ်
ဘုန်းတော်ကြီးကျောင်းဆီကို ပြန် ရောက်လာခဲ့တယ်လို့လည်း သူမ ယုံကြည်နေတဲ့အကြောင်း
ပန်ဂျာက ပြောဆိုသွားခဲ့ပါတယ်။
.
Source – Khaosad

No comments:
Post a Comment