တောင်ကြီး အမှတ် (၅) ဈေးရှိ အမှိုက်ပုံမှ အနံ့အသက်ဆိုးများ ထွက်ပေါ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, July 4, 2026

တောင်ကြီး အမှတ် (၅) ဈေးရှိ အမှိုက်ပုံမှ အနံ့အသက်ဆိုးများ ထွက်ပေါ်နေ

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ အမှတ် (၅) ဟင်းသီးဟင်းရွက်နှင့် သားငါးဈေးရှိ အမှိုက်ပုံမှ အနံ့အသက် ဆိုးများ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်အတွက် အနှောင့်အယှက် ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

.

အမှတ် (၅) ဈေးအတွင်းရှိ အဆိုပါ အမှိုက်ပုံတွင် ဟင်းသီးဟင်းရွက်နှင့် သားငါးများမှ ထွက်ရှိသော စွန့်ပစ်အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်နေမှုကြောင့် အနံ့အသက်ဆိုးများ အပြင် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ ရှိလာနေကြောင်း ဒေသခံများထံက သိရသည်။

.

“ဟင်းသီးဟင်းရွက်ပုပ်၊ အသားငါး အပုပ် အစုံပါပဲ။ ပြီးတော့ သေချာ စနစ်တကျ ထုပ်ပိုးပြီး ပစ်တာမျိုးလည်း မဟုတ်တော့ ယင်တလောင်းလောင်းထ၊ ခွေးတွေက ဖွနဲ့ တစ်ရပ်ကွက်လုံးကို အနံ့မခံနိုင်ဘူး။ ဝမ်းပျက် ဝမ်းလျှောလို ရောဂါတွေ ဖြစ်လာမှာ စိုးရိမ်ရတယ်” ဟု အမှတ် (၅) ဈေး အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

.

ထို့အပြင် အဆိုပါ အမှတ် (၅) ဈေး၏ တောင်ဘက်တွင် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း လည်း ရှိနေသည့်အတွက် ဝမ်းပျက်ဝမ်းလျှောကဲ့သို့သော ရောဂါများ ဖြစ်ပွားလာက ကျောင်းသား/သူများ အတွက် အန္တရာယ်ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“အဓိက ကတော့ အမှိုက်ပစ်တဲ့သူတွေက စည်းကမ်းရှိဖို့ လိုတာပေါ့။ သက်ဆိုင်တဲ့ စည်ပင်သာယာဌာန ကလည်း ဒါကို ကြပ်မတ်ဖို့ လိုသလို ပုံမှန် အမှိုက်သိမ်းဆည်းဖို့လိုပါတယ်။ အခုက မိုးရာသီ ဆိုတော့ မိုးရွာရင် အဲဒီအမှိုက်တွေက ရေစီးနဲ့အတူ မျောပါပြီး ချောင်ထဲ၊ မြောင်းထဲမှာ ပိတ်ကုန်တော့ တစ်မြို့လုံး ဒီဒုက္ခကို ခံစားရတာပေါ့” ဟု အခြား တောင်ကြီးမြို့ခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဆုပေး၊ ဒဏ်ပေးစနစ် ဆောင်ရွက်သွားမည်ဟု မြို့နယ် စည်ပင် သာယာရေးဌာနက အသိပေးထားသော်လည်း အမှန်တကယ် ဆောင်ရွက်နိုင်မှု မရှိကြောင်း ဒေသခံများ ပြောဆိုကြသည်။

.

 

No comments:

Post a Comment

Pages