.
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ ရက်
.
ထိုင်းနိုင်ငံ၊ ဖီချစ်ပြည်နယ်ရဲ့
မဟာနာယကဆရာတော်ဟောင်းတစ်ပါးကို ဗုဒ္ဓကောလိပ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်
လှူဒါန်းထားတဲ့ ဘတ် ၃ သန်း အလွဲသုံးစားလုပ်မှုနဲ့ ထောင်ဒဏ် ၁၂
နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
.
.ဖရာ သီဝတ်ချာရာဆစ်သီမီသီ လို့ နာမည်ကြီးခဲ့တဲ့
ပြည်နယ်မဟာနာယက ဆရာတော်ဟောင်းကို အကျင့်ပျက်ခြစားမှုဆိုင်ရာ ဗဟိုတရားရုံးက
ထောင်ဒဏ် ၁၂ နှစ်ကျခံဖို့ ဇူလိုင် ၂ ရက်နေ့က အမိန့်ချခဲ့ပြီး
အလွဲသုံးစားလုပ်ထားခဲ့တဲ့ ဘတ် ၃ သန်းကိုလည်း တက္ကသိုလ်ထံ ပြန်လည်ပေးလျော်ဖို့ အမိန့်ချခဲ့
တာဖြစ်ပါတယ်။
.
ဆရာတော်အဖြစ်ကနေ လူဝတ်လဲထားခဲ့တဲ့ ဝီရတ် ဟာ
ထိုင်းနိုင်ငံထဲမှာ အကြီးအကျယ်ဂယက်ရိုက်ခဲ့တဲ့ “Sika Golf” လို့
လူသိများတဲ့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ လိင်အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်ခဲ့တဲ့
နာမည်ကျော် သံဃာတော်တွေထဲက တစ်ပါးလည်းဖြစ်တာပါ။
.
ဒီအမှုရဲ့အဓိက ဇာတ်ကောင်က အသက် ၃၅ နှစ်အရွယ်
ဝီလာဝန် အမ်ဆာဝတ် ဖြစ်ပြီး နာမည်ကြီး သံဃာတော်တွေနဲ့ ရင်းနှီးတဲ့ ကိုယ်ရေးကိုယ်တာ
ဆက်ဆံရေးတွေတည်ဆောက်ခဲ့ပြီး ငွေကြေး လိမ်လည်မှုတွေ ပြုလုပ်ခဲ့တာလို့
စွပ်စွဲခံခဲ့ရတာပါ။ ဒီအမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် ခဲ့ပြီးတဲ့နောက်
လူအများအပြား ဖမ်းဆီးခံခဲ့ရတာပါ။
.
တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ဝီရတ် ဟာ
အမှုဖြစ်ပွားစဉ်က ဖီချစ်ပြည်နယ်မှာရှိတဲ့ ဝပ်သာလောင်း ကျောင်းတိုက်ရဲ့
ကျောင်းထိုင်ဆရာတော်ဖြစ်နေခဲ့ပြီး ပြည်နယ်မဟာနာယကနဲ့ ဖီချစ်ဗုဒ္ဓကောလိပ်ကို
ကြီးကြပ်ရတဲ့ ဒါရိုက်တာ တာဝန်ကိုလည်း ယူထားခဲ့တာပါ။
.
အစိုးရ ရှေ့နေတွေရဲ့အဆိုအရ အလှူရှင်တစ်ဦးက
ဗုဒ္ဓကောလိပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘတ် ၃ သန်း လှူခဲ့ပြီး အဲဒီငွေတွေကို ဝီရတ်
ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲ လွှဲပြောင်းပေးခဲ့တာပါ။ ဒါပေမဲ့လည်း ဝီရတ်က
အဲဒီငွေတွေကို တက္ကသိုလ်ရဲ့ ဘဏ်အကောင့်ထဲ လွှဲပြောင်းပေးခြင်း မပြုလုပ်ခဲ့ကြောင်း
ဖော်ထုတ်နိုင်ခဲ့ ပါတယ်။
.
စစ်ဆေးမှုတွေအရ ဝီရတ်ဟာ ဝီလာဝန်နဲ့
ပူးပေါင်းခဲ့ပြီး အလှုငွေကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တာဖြစ်တဲ့ သက်သေတွေ
တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်ပဲ ထိုင်းတရားရုံးက ဝီရတ် ကို
နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပြီး ထောင် ၁၂
နှစ် ချခဲ့တာပါ။
.
ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အကြီးတန်းသံဃာတော်တွေက
နိုင်ငံတော်ကနေ လစဉ်ထောက်ပံ့ကြေးတွေ ရရှိနေတာကြောင့် နိုင်ငံ့ဝန်ထမ်းအဖြစ်
သတ်မှတ်ခံထားရတာပါ။
.
ဝီရတ်က စစ်ဆေးမှုနဲ့ တရားရုံးကြားနာမှု
တစ်လျှောက်လုံး အာမခံ လျှောက်ထားခွင့်မရခဲ့ဘဲ ဖမ်းဆီးခံရပြီး နောက်ပိုင်းကတည်းက
အချုပ်ထဲမှာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။
.
ဝီရတ် ဟာ ဝီလာဝန်နဲ့ ပတ်သက်ခဲ့တယ်ဆိုတဲ့
စွပ်စွဲချက်တွေ ပြင်းထန်လာပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၅ မှာ သံဃာဘဝကနေ
လူထွက်ခဲ့တာပါ။ ဒီ လိင်အရှုပ်တော်ပုံ ပေါ်ပေါက်လာပြီးတဲ့နောက် သံဃာဘဝ ကနေ
နှင်ထုတ်ခံရမယ့်အစား နုတ်ထွက်ခဲ့တဲ့ အကြီးတန်းသံဃာတော် ကိုးပါး အနက်က တစ်ပါးလည်း ဖြစ်လာခဲ့ပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment