.
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၅ ရက်
.
တောင်ကိုရီးယားနိုင်ငံထဲမှာ
အွန်လိုင်းလောင်းကစားတွေ၊ Call Centre လိမ်လည်ဂိုဏ်းတွေကို
အဓိက ချုပ်ကိုင်ထားတယ်လို့ သံသယရှိနေသူတစ်ယောက်ကို ထိုင်းနိုင်ငံ၊ ပတ္တရားမှာ
ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကင်မ် လို့ခေါ်တဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားက
နိုင်ငံတကာရဲတပ်ဖွဲ့ဖြစ်တဲ့ အင်တာပို ကတောင် အနီရောင် အဆင့် ဝရမ်းထုတ်ထားသူတစ်ယောက်
ဖြစ်ပြီး ချွန်ဘူရီခရိုင်၊ ပတ္တရားမြို့က ကျန်းမာရေး အနှိပ်ဆိုင် တစ်ဆိုင်မှာ
ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
.
.အင်တာပိုရဲ့သတိပေးချက်အရ ကင်မ်ဟာ တောင်ကိုရီးယား
နိုင်ငံထဲမှာ လှုပ်ရှားနေတဲ့ အွန်လိုင်း လောင်ကစား ကွန်ရက်တွေနဲ့ Call
Centre လိမ်လည်ဂိုဏ်းတွေမှာ အရေးပါတဲ့ နေရာကနေ ပါဝင်နေသူ ဖြစ်ပြီး
သူ့ကိုဖမ်းဆီးနိုင်ဖို့အတွက် နိုင်ငံတကာက ရှာဖွေနေခဲ့တာပါ။
.
ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမှုအရတော့ ကင်မ်ဟာ
တစ်နှစ်ကို ဘတ် သန်း ၁၀၀၀ နီးပါး ဝင်ငွေရတဲ့ အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုက်တွေရဲ့
စီမံခန့်ခွဲရေးကို ပြုလုပ်နေတဲ့သူဖြစ်ကြောင်း တွေ့ရှိခဲ့ရတာပါ။ ဒီဝက်ဘ်ဆိုက်တွေက
စလော့ဂိမ်းတွေ၊ အွန်လိုင်းလောင်းကစားဂိမ်းတွေကို ဖွင့်လှစ်ပေးထားပြီး တောင် ကိုရီးယားနိုင်ငံသား
အများအပြားက ငွေကြေးဆုံးရှုံးခဲ့ကြောင်း တိုင်ကြားထားကြတဲ့ ဝက်ဘ်ဆိုက်တွေလည်း
ဖြစ်ပါတယ်။
.
စုံစမ်းစစ်ဆေးရေးအဖွဲ့က ကင်မ်ဟာ
နောင်ပရူးဒေသမှာရှိတဲ့ ကျန်းမာရေးအနှိပ်ဆိုင်တစ်ဆိုင်ကို မကြာခဏ
သွားရောက်လေ့ရှိတဲ့အကြောင်း သတင်းရခဲ့တာကြောင့် စောင့်ကြည့်မှုတွေပြုလုပ်နေခဲ့ပြီး
ဇူလိုင် ၃ ရက်၊ မွန်းလွဲပိုင်းမှာ ကင်မ် ရောက်လာတာကို တွေ့ရှိပြီးတဲ့နောက်
ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
.
ဖမ်းဆီးပြီးတဲ့နောက် ကင်မ်နဲ့ ဆက်နွယ်တယ်လို့
ယူဆရတဲ့ အနီးအနားက နေအိမ်တစ်လုံးကို ဆက်လက် ရှာဖွေရာမှာတော့ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်တွေကို
စီမံခန့်ခွဲတဲ့နေရာမှာ အသုံးပြုတဲ့ ကွန်ပြူတာ အများအပြားကို သိမ်းဆည်းရမိခဲ့တာပါ။
.
ကွန်ပြူုတာတွေထဲမှာ အသုံးပြုသူရဲ့ ကိုယ်စားလှယ်အကောင့်
အချက်အလက်တွေ၊ လောင်းကြေးပမာဏ မှတ်တမ်းတွေ၊ ငွေလည်ပတ်မှုပမာဏတွေနဲ့
လုပ်ငန်းအမြတ်အစွန်းဆိုင်ရာ စာရင်းတွေကိုလည်း တွေ့ရှိခဲ့ပြီး ကင်မ်တစ်ယောက်
တစ်နှစ်ကို ဘတ် သန်း ၁၀၀၀ နီးပါးဝင်ငွေရနေတယ် ဆိုတာကိုပါ သိခဲ့ရတာပါ။
.
လက်ရှိမှာတော့ ကင်မ်ကို ထိုင်းလူဝင်မှု
ကြီးကြပ်ရေးဆီ လွှဲပြောင်းပေးထားပြီး တောင်ကိုရီးယားနိုင်ငံဆီ
ပြန်လည်လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment