အမျိုးသမီးများအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြည်နယ် လူမှုရေးဝန်ကြီး တိုက်တွန်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, July 3, 2026

အမျိုးသမီးများအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြည်နယ် လူမှုရေးဝန်ကြီး တိုက်တွန်း

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်

.

အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားလာပြီး ကဏ္ဍ အသီးသီးတွင် အခွင့်အလမ်းများ ဖော်ဆောင်ပေး နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီးများအရေး ဆောင်ရွက်နေသူများ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာ ဝန်ကြီး နန်းခမ်းလူက တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။

.

.

၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ ဇူလိုင်လ ၃ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး နန်းခမ်းလူက အဖွင့်အမှာစကား ပြောကြားရာ၌ ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

.

ထို့နောက် တောင်ကြီးမူကြိုမှ မူကြိုကလေးငယ်များ၊ ဓမ္မဝိဓူ ပရဟိတဂေဟာနှင့် ဒေါ်ကြီးဒေါ်ငယ်ပရဟိတ ဂေဟာများမှ ကလေးငယ်များက တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင် ထူးချွန် အမျိုးသမီးများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

.

၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုး သမီးများညီလာခံက အတည်ပြုချမှတ်ခဲ့သည့် ဘေဂျင်းကြေညာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်း စီမံချက်အရ ကဏ္ဍပေါင်းစုံတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ဖော်ဆောင်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော် အဆင့် ယန္တရားအဖြစ် ရပ်တည်ဆောင်ရွက်လျက်ရှိကာ ယင်းနေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

.

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်အမျိုးသမီး ကော်မတီ အဖွဲ့ဝင်များ၊ အမျိုးသမီးများအရေးကို ဆောင်ရွက်နေကြသော လူမှုရေးအဖွဲ့အစည်း များ၊ ထူးချွန်ဆုရ အမျိုးသမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages