လင်းသီဟ လျှပ်စစ်ကုမ္ပဏီ၏ ကြေညာချက် လူထုဝေဖန်မှုနှင့် ကြုံတွေ့နေရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, July 2, 2026

လင်းသီဟ လျှပ်စစ်ကုမ္ပဏီ၏ ကြေညာချက် လူထုဝေဖန်မှုနှင့် ကြုံတွေ့နေရ

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်

.

တောင်ကြီးမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီနှင့် ပတ်သက်၍ မဟုတ်မှန် ရေးသား၊ ဖြန့်ဝေသူများကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ကြေညာချက်နှင့် ပတ်သက်၍ လူမှုကွန်ရက် သုံးစွဲသူ ပြည်သူများ၏ ဝေဖန် ပြစ်တင်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

.

.

လင်းသီဟ လျှပ်စစ်နှင့်အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်နှင့် ပတ်သက်၍ ဖြစ်စေ၊ ကုမ္ပဏီမှ တာဝန် ယူ ဆောင်ရွက်နေသော လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ဖြစ်စေ ကုမ္ပဏီ၏ ပုံရိပ်ကို ထိခိုက် နစ်နာစေရန် မဟုတ်မမှန် သတင်းအမှားများ ပြောဆိုခြင်းကို လည်းကောင်း၊ လူမှုကွန်ရက် စာမျက်နှာ များတွင် ဖြစ်စေ၊ အခြား Electronic Device တစ်ခုခုကို အသုံးပြု၍ ဖြစ်စေ မဟုတ်မမှန် ရေးသား ဖော်ပြခြင်း၊ Post တင်ခြင်း၊ Like ပေးခြင်း၊ Comment များ ရေးသားခြင်း၊ Share ခြင်းများအား ခွင့် မပြုကြောင်းနှင့် ပြုလုပ်ခဲ့ပါက တည်ဆဲ ဥပဒေများနှင့်အညီ တရား စွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လင်းသီဟကုမ္ပဏီ ကိုယ်စား တရားလွှတ်တော်ရှေ့နေ မှ တစ်ဆင့် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

.

ယင်းကြေညာချက်အား ကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာ ဦးနေမျိုးအောင်က လူမှုကွန်ရက်တွင် Post တင်ခဲ့ပြီးနောက် လူထု၏ ပြစ်တင် ဝေဖန်မှုကို ကြုံတွေ့နေရခြင်း ဖြစ်ကာ မီဒီယာများနှင့်လည်း အတိုက်အခံ ဖြစ်ပွားမှုများ ရှိခဲ့သည်ကို တွေ့ရသည်။

.

ပြီးခဲ့သည့် ဇွန်လအတွင်းက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် လျှပ်စစ်ရုံးဝန်ထမ်း မီတာဖတ်စာရေး တစ်ဦးက မီတာခများကို လိမ်လည် ထွက်ပြေးသွားသဖြင့် မီတာခ ကြွေးကျန်များ ပေါ်ပေါက်ပြီး လျှပ်စစ်မီး သုံးစွဲသူ အိမ်ရှင်များ နစ်နာမှု ရှိနေကြောင်း ဒေသခံများက ပြောဆိုနေကြသည့် အပြင် ကုမ္ပဏီ၏ ဝန်ဆောင်မှု အားနည်းချက်၊ လျှပ်စစ်မီတာ ဖတ်ရှုရာတွင် လွဲမှားမှုများ ရှိသည်ကို စိစစ်ခြင်း မပြုဘဲ ပြည်သူကို Like ပေးခြင်း၊ Comment များ ရေးသားခြင်း၊ Share ခြင်းများ ပြုလုပ်ရုံဖြင့် တရားစွဲဆိုမည်ဟု ကြေညာမှု အပေါ် ပြစ်တင် ဝေဖန်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

.

ကြေညာချက်ပါ တရားလွှတ်တော်ရှေ့နေ၏ ဖုန်းနံပါတ်အား ဆက်သွယ် မေးမြန်းရာတွင် မူလက ရှင်းလင်း ဖြေဆိုမှုများ ရှိသော်လည်း နောက်ပိုင်းတွင်မူ သတင်းရေးသားခွင့် မပြုဟုသာ တုံ့ပြန်ခဲ့သည်။

.

သူတို့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီအနေနဲ့က လူထုကို နားလည်လာအောင် ပညာပေး စည်းရုံးရမယ်၊ လူထုရဲ့ လိုအပ်ချက်၊ အခက်အခဲကို ညှိနှိုင်းဖြေရှင်းပေးရမယ့် အစား အခုလို တရားစွဲမယ် ဆိုပြီး ခြိမ်းခြောက်တာ ကတော့ မကောင်းဘူးပေါ့။ ပြည်သူလူထုကလည်း သူတို့ တကယ်အခက်အခဲ ဖြစ်နေလို့ တင်တာပဲ။ နာမည် ခံပြီး တရားဝင် တိုင်ဖို့တန်းဖို့ ဆိုတာကတော့ ဒီခေတ်မှာ တော်ရုံ မလုပ်ချင်ကြဘူးလေ။ ကုမ္ပဏီအနေနဲ့ လူထုရဲ့ အခက်အခဲကို ပြေလည်အောင် ဖြေရှင်းပေးသင့်တာပေါ့။” ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။

.

မီတာဖတ်စာရေး လိမ်ပြေးသည့် ကိစ္စနှင့် ပတ်သက်၍ ရုံးသို့ တရားဝင် လာရောက်တိုင်တန်းသူ မရှိသေးဘဲ လူမှုကွန်ရက်တွင်သာ ရေးသားနေကြခြင်း ဖြစ်သည်ဟု လင်းသီဟ လျှပ်စစ်နှင့် အထွေထွေ ဝန်ဆောင်မှု ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဦးနေမျိုးအောင်က ပြောဆိုထားပြီး “လာ မေးပါ။ ကျွန်တော်တို့ ဖြေပေးမယ်။ ညှိနှိုင်း ဆောင်ရွက်ပေးမယ်။ ဒါပေမဲ့ မေးသမျှလူ အားလုံးက Anonymous (အမည်မသိ) ဆိုတော့ ဘာမှ လုပ်လို့ မရဘူး။ ကျွန်တော်တို့ကို နာမည် ပျက်ရုံ၊ သိက္ခာချရုံ ရေးသားနေမယ်ဆိုရင်တော့ ဥပဒေအရ ပြန်လည် အရေးယူမှာပါ” ဟု ဦးနေမျိုးအောင် က ကမ္ဘောဇတိုင်း သို့ ပြောဆိုထားသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသည့်အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ၏ လက်ကိုင်ဖုန်းမှာလည်း ဆက်သွယ်၍ မရပေ။

.

လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီသည် တောင်ကြီးမြို့နှင့် အေးသာယာမြို့တို့တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပဋိဉာဉ်စာချုပ် ချုပ်ဆို၍ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages