မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်အချို့၌ ရေဝင်ရောက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, July 2, 2026

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်အချို့၌ ရေဝင်ရောက်

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇူလိုင်လ ၁ ရက်မှ ယနေ့ ဇူလိုင်လ ၂ ရက်အထိ နှစ်ရက် ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းလာပြီး မြို့ပေါ်ရပ်ကွက်အချို့ရှိ မြေနိမ့်ပိုင်း နေရာများတွင် ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများ စီးဝင်လာမှုကြောင့် ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် တာလော့ ရပ်ကွက်ရှိ လမ်းအချို့၊ မြန်မာ-ထိုင်းအမှတ် (၁) ချစ်ကြည်ရေးတံတားအနီး၊ ဝမ်ကောင်းရပ်ကွက် ဘုရင့်ဈေးလမ်း၊ ဝိန်းကျောက်ရပ်ကွက် လားဟူဈေးအနီးနှင့် မယ်ခေါင်ရပ်ကွက်ရှိ မိုးသောက်ကြယ်လမ်းတွင် ရေဝင်ရောက်ခဲ့သဖြင့် ယာယီသွားလာရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

.

တာချီလိတ်မြို့ ပုန်းထွန်ဇလဗေဒတိုင်းတာရေးစခန်း၏ ဇူလိုင် ၂ ရက် မွန်းလွဲ ၂ နာရီ တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေမှတ်မှာ ၃၂၆ စင်တီမီတာရှိပြီး တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်အောက် ၆၄ စင်တီမီတာ တွင်သာ ရှိနေကာ မိုးလျော့နည်းလာသဖြင့် ရေများပြန်လည်ကျဆင်းသွားခဲ့ပြီး တာလော့ရပ်ကွက်ရှိ လမ်းအချို့တွင်သာ ရေကျန်ရှိတော့ကြောင်း သိရသည်။

.

ရေကြီးရေလျှံမှုအခြေအနေကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် သက်ဆိုင်ရာ ဌာနများက ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည့်ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးအစီအမံ များကို အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages