.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄)
ငြိမ်းချမ်းရေး (၃၇) နှစ်မြောက် အခမ်းအနားကို ဇွန်လ ၃၀ ရက်က မိုင်းလားမြို့၊ ငြိမ်းချမ်းရေးရင်ပြင်တွင်
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့်
စည်းလုံးရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးစန်ပေ့က ဥက္ကဋ္ဌ ဦးထိန်လင်း ကိုယ်စား
မိန့်ခွန်းလွှာကို ဖတ်ကြားကာ တပ်နှင့် ပြည်သူတရပ်လုံးနှင့် လူမှုအသိုင်းအဝိုင်း
အလွှာ အသီးသီးကို ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
.
အထူးဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသည်
ရှေ့ဆောင်ဘိုးဘေးများ ချမှတ်ခဲ့သည့် အုတ်မြစ်ပေါ်တွင် အခြေခံ တည်ဆောက်ထားပြီး
ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ ခိုင်မာသော ဦးဆောင်မှုအပေါ် တည်မှီ နေကြောင်းနှင့်
အထူးဒေသ တည်ထောင်ပြီးနောက် ဒေသသည် မူလရည်ရွယ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေး လမ်းစဉ်
ကို မြဲမြံစွာ ထိန်းသိမ်းကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူနေမှုဘဝ မြှင့်တင်ရေးနှင့် အခြေခံအဆောက်အအုံ
ဖွံ့ဖြိုးရေးတို့ကို ကြိုးပမ်း ဆောင်ရွက်ခဲ့ ပါကြောင်း ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ပြောကြားခဲ့သည်။
.
ယခု အခမ်းအနားသည် ၃၇ နှစ်တာ
ဖွံ့ဖြိုးတိုးတက်မှုနှင့် အောင်မြင်မှုရလဒ်များကို ဘက်စုံဆန်းစစ် သုံးသပ် သည့်
အခမ်းအနားတခုဖြစ်ပြီး ပြန်လည်အင်အားဖြည့်တင်းကာ ခရီးဆက် ချီတက်ရန် စည်းရုံး လှုံ့ဆော်သည့်
အခမ်းအနားတခုလည်း ဖြစ်ကြောင်းနှင့် အထူးဒေသသည် “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး”
ဟူသော အတွေး အခေါ်ကို ဆက်လက်ကျင့်သုံးကာ နိုင်ငံတော်၏ ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်နှင့် ဒေသန္တရဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွင် အပြုသဘောဆောင်
ပါဝင်ဆောင်ရွက်လျက် ကဏ္ဍအသီးသီးကို တည်ငြိမ်စွာ အားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ပြီး
ဖွံ့ဖြိုးတိုးတက်ရေး သမိုင်းစာမျက် နှာသစ်ကို ရေးထိုးသွားမည် ဖြစ်ကြောင်း အထူးဒေသ
(၄) ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါ ငြိမ်းချမ်းရေး ၃၈ နှစ်မြောက် အခမ်းအနားသို့
အထူးဒေသ (၄) လူထုကိုယ်စားလျယ်များ၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ
အကြီးအကဲများ၊ တပ်နှင့် ဒေသဘက် ကိုယ်စားလှယ်များ၊ ဆရာ/မများနှင့် ကျောင်းသူ/သား
ကိုယ်စားလှယ် များ၊ အထူးဖိတ်ကြားထား သော ဧည့်သည်တော်များနှင့်
အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့် အားကစားသမားများ အားလုံး
တက်ရောက်ခဲ့ကြောင်း သိရသည်။
.
မိုင်းလားအထူးဒေသ (၄) သည်
ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်အဖြစ်မှ ၁၉၈၉ ခုနှစ်တွင် နဝတ
အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းလားမြို့တွင် အခြေစိုက်၍ ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး ကင်းစင်ရေးနှင့်
တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား အစဉ်တစိုက် အစိုးရအဆက်ဆက်နှင့်
လက်တွဲဆောင်ရွက်လျက်ရှိသည်။
.

No comments:
Post a Comment