ဆိုက်ပရပ်စ်မြောက်ပိုင်းအနီး ကူးတို့သင်္ဘောတိမ်းမှောက်၊ အနည်းဆုံး ၈ ဦးသေဆုံးပြီး ၁၈ ဦး ပျောက်ဆုံးနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, August 31, 2026

ဆိုက်ပရပ်စ်မြောက်ပိုင်းအနီး ကူးတို့သင်္ဘောတိမ်းမှောက်၊ အနည်းဆုံး ၈ ဦးသေဆုံးပြီး ၁၈ ဦး ပျောက်ဆုံးနေ

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

.

ဆိုက်ပရပ်စ်မြောက်ပိုင်းအနီးမှာ ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း စုစုပေါင်း ၂၇၀ နီးပါး လိုက်ပါလာတဲ့ ကူးတို့ သင်္ဘောတစ်စင်း တနင်္ဂနွေနေ့က တိမ်းမှောက်ခဲ့တာကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး ၁၈ ဦး ပျောက်ဆုံးနေပါတယ်။

.

.

တိမ်းမှောက်သွားတဲ့ သင်္ဘောပေါ်မှာ အသက်ရှင်ကျန်ရစ်သူတွေက သင်္ဘောမှောက်နေတဲ့ ကိုယ်ထည်ပေါ်မှာ တွယ်ကပ်ပြီး အကူအညီစောင့်ခဲ့ကြရပါတယ်။

.

ပုဂ္ဂလိကပိုင် အဲဒီကူးတို့သင်္ဘောဟာ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲမှာ ဆိုက်ပရပ်စ်၊ ကျီရီနီးယား ဆိပ်ကမ်းကနေ တူရကီနိုင်ငံ အရှေ့မြေထဲပင်လယ်ဒေသ တာဆူဂျူဆိပ်ကမ်းကို ထွက်ခွာလာတာပါ။ ဒါပေမဲ့ ထွက်ခွာပြီး မကြာခင်မှာပဲ ရေဝင်လာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

.

သင်္ဘောဟာ ပုံမှန်မဟုတ်ဘဲ လူးလွန့်ရွေ့လျားနေခဲ့ပြီး သင်္ဘောရဲ့ ရှေ့ပိုင်းကနေ ရေတွေ စတင်ဝင်လာ ခဲ့တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေက ပြောပါတယ်။

.

အဲဒီသင်္ဘောပေါ်မှာ ခရီးသည် ၂၅၉ ဦးနဲ့ သင်္ဘောဝန်ထမ်း ၈ ဦး၊ စုစုပေါင်း ၂၆၇ ဦး လိုက်ပါလာပြီး လူ ၂၄၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

.

မတော်တဆမှုဟာ ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကြား နာမည်ကျော် အပန်းဖြေစခန်းဖြစ်တဲ့ ကျီရီနီးယားမြို့ကမ်းလွန်မှာ ဖြစ်ပွားခဲ့တာပါ။ ဆိုက်ပရပ်စ် မြောက်ပိုင်း နဲ့ တူရကီနိုင်ငံအကြား နေ့စဉ်ပြေးဆွဲ နေတဲ့ ပင်လယ်ရေကြောင်း ကူးတို့ဝန်ဆောင်မှုတွေထဲက သင်္ဘောတစ်စင်းလည်း ဖြစ်ပါတယ်။

.

ရုပ်သံမှတ်တမ်းတွေထဲမှာတော့ အနီရောင်အသက်ကယ်အင်္ကျီတွေ ဝတ်ထားတဲ့ လူတွေဟာ တိမ်းမှောက် နေတဲ့ သင်္ဘောပေါ်မှာ ထိုင်နေကြတာ၊ မတ်တပ်ရပ်နေကြတာတွေကို တွေ့ရပါတယ်။ ကမ်းခြေကို ပြန်လည် ခေါ်ဆောင်နိုင်ဖို့ ကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ ပုဂ္ဂလိကရေယာဉ်တွေကလည်း အလျင်အမြန် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

.

အသက်ရှင်ကျန်ရစ်သူ အီဖေ မူလ်တီချီက CNN Turk ကို ပြောရာမှာ “သင်္ဘောက အရမ်းကို မတည်မငြိမ် ဖြစ်နေတယ်။ ရေထဲကနေ အမြဲတမ်း ကြွတက်လိုက်၊ ပြန်ကျလိုက်နဲ့ အရမ်းကို လူးလွန့်တုန်ခါနေခဲ့တယ်” လို့ ပြောပါတယ်။

.

သူက “၃ မိနစ်၊ ၄ မိနစ်လောက်ကြာတော့ သင်္ဘောက လေထဲကို အမြင့်ကြီး ခုန်တက်သွားပြီး ပြန်ကျလာ တယ်။ အဲဒီအချိန်မှာ ဘယ်ဘက်ရှေ့ပိုင်း ပွင့်ထွက်သွားပြီး ရေတွေ အထဲကို အရှိန်နဲ့ ဝင်လာတယ်” လို့ ပြောပါတယ်။

.

တူရကီဆိုက်ပရပ်စ် အာဏာပိုင်တွေက သင်္ဘောကပ္ပတိန်နဲ့ သင်္ဘောဝန်ထမ်း ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ပြောပါတယ်။

.

မွန်းလွဲပိုင်းရောက်ချိန်မှာတော့သင်္ဘောဟာ ပင်လယ်ရေအောက်ကို နစ်မြုပ်သွားပြီး အနက် ၅၁၄ မီတာ၊ အကြမ်းဖျဉ်း ၁,၆၈၆ ပေမှာ ပင်လယ်ကြမ်းပြင်ပေါ် ရောက်ရှိနေပြီလို့ ဆိုပါတယ်။ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေဖို့ တူရကီနိုင်ငံက ရေငုပ်သမားတွေကလည်း ကူညီပေးသွား မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

.

တူရကီဆိုက်ပရပ်စ်ခေါင်းဆောင် အာဟူမန်ကတော့ “လူအားလုံးကို ရှာဖွေတွေ့ရှိတဲ့အထိ၊ အဆုံးအထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

.

ဒီမတော်တဆမှုမတိုင်ခင် စနေနေ့က ဆိုက်ပရပ်စ်ကျွန်းမှာ မုန်တိုင်းပြင်းထန်ခဲ့ပြီး ကျွန်းရဲ့ အရှေ့တောင်ပိုင်း မှာ လှေတစ်စင်း လှိုင်းကြမ်းတွေကြောင့် ကျောက်ဆောင်ပေါ် တိုက်မိခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပါတယ်။

.

သင်္ဘောတိမ်းမှောက်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အာဟူမန်က စနေနေ့က မုန်တိုင်း အခြေအနေကို ထည့်သွင်းပြောခဲ့ပေမဲ့ တနင်္ဂနွေနေ့မှာတော့ ရာသီဥတုအခြေအနေဟာ သင်္ဘောသွားလာဖို့ သင့်တော်တယ်လို့ သတ်မှတ်ထားကြောင်း ပြောပါတယ်။

.

ဒီနေရာမှာ အားလုံးက အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို ကျွန်တော်တို့ အရင်က မကြုံဖူးပါဘူး” လို့ သူက ပြောပါတယ်။

.

ဆိုက်ပရပ်စ်မြောက်ပိုင်းဟာ တူရကီနိုင်ငံတစ်နိုင်ငံတည်းကသာ အသိအမှတ်ပြုထားတဲ့ ခွဲထွက်ဒေသဖြစ်ပြီး တူရကီက စီးပွားရေးနဲ့ စစ်ရေးအရ ထောက်ပံ့ပေးထားပါတယ်။

.

တူရကီသမ္မတ ရီဆပ်တိုင်ယစ်အာဒိုဂန်ကလည်း သေဆုံး၊ ပျောက်ဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဝမ်းနည်း ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု ဆိုက်ပရပ်စ်အစိုးရဘက်ကလည်း ဝမ်းနည်း ကြောင်းနဲ့ ကူညီပေးဖို့ အသင့်ရှိကြောင်း ပြောပါတယ်။

.

ဆိုက်ပရပ်စ်ကျွန်းဟာ ၁၉၇၄ ခုနှစ်ကတည်းက ဂရိဆိုက်ပရပ်စ်နဲ့ တူရကီဆိုက်ပရပ်စ်ဆိုပြီး နှစ်ခြမ်းကွဲနေခဲ့ တာပါ။ အဲဒီနှစ်မှာ ဂရိဘက်က ထောက်ခံတဲ့ အာဏာသိမ်းမှုတစ်ရပ် ဖြစ်ပွားပြီးနောက် တူရကီက ဆိုက်ပရပ်စ် ကို ဝင်ရောက်ကျူးကျော်ခဲ့တာ ဖြစ်ပါတယ်။

.

ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် တူရကီဆိုက်ပရပ်စ် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ရေယာဉ် ၄ စင်းနဲ့ အရပ်ဘက်ခရီးသည်တင် ရေယာဉ်တစ်စင်းအပြင် တူရကီကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ရေယာဉ် ၅ စင်းနဲ့ ရဟတ်ယာဉ် ၂ စင်းကိုလည်း အခင်းဖြစ်ရာနေရာကို စေလွှတ်ခဲ့ပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages