တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့
ဟိမဝန္တာတောင်တန်းဒေသမှာ ဒီသီတင်းပတ်အတွင်း ဖြစ်ပွား ခဲ့တဲ့
အကြီးအကျယ် ရေကြီးမှုအပြီး နီပေါနိုင်ငံအနေနဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှုနဲ့ နည်းပညာ
မလုံလောက်တဲ့ အထူးပြု လုပ်ငန်းတွေမှာ နိုင်ငံခြားအကူအညီ လိုအပ်နေတယ်လို့
နီပေါနိုင်ငံခြားရေးဝန်ကြီး ရှီရှီရ် ခါနယ်က ပြောပါတယ်။ ဒါပေမယ့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေအတွက်တော့
နိုင်ငံခြားအကူအညီ မလိုအပ်ဘူးလို့ ဆိုပါတယ်။
.
ဗုဒ္ဓဟူးနေ့က ရေခဲမြစ် ပြိုကျမှု
ဖြစ်ပွားခဲ့ပြီးနောက် ကျောက်တုံးတွေ၊ ရေခဲတွေ၊ ရွှံ့နွံတွေနဲ့ အပျက်အစီးတွေဟာ
ဟိမဝန္တာ တောင်တန်းတွေက မြစ်ကြောင်းစနစ်တွေ တစ်လျှောက် အရှိန်အဟုန်နဲ့
စီးဆင်းလာခဲ့တာ ဖြစ်ပါတယ်။
.
အဲဒီဖြစ်ရပ်ကြောင့် နီပေါနဲ့ တရုတ်နိုင်ငံ
တိဘက်ဒေသမှာ လူ ၆၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၂,၀၀၀ ကျော်လည်း ပျောက်ဆုံးနေဆဲ
ဖြစ်ပါတယ်။
.
တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ
ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် မြို့တွေ တစ်ခုလုံး နီးပါး
ပျက်စီးသွားခဲ့သလို ရေအားလျှပ်စစ် စက်ရုံတွေလည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။
.
Kathmandu
Post သတင်းစာရဲ့ ဖော်ပြချက်အရ အိန္ဒိယ၊ တရုတ်၊ အမေရိကန်၊
ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက
ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ
ပါဝင်ကူညီခွင့်ပြုဖို့ နီပေါအစိုးရကို တောင်းဆို ထားကြပါတယ်။
.
ဒါပေမယ့် နီပေါနိုင်ငံခြားရေးဝန်ကြီး ရှီရှီရ်
ခါနယ်ကတော့ ဥမင်လိုဏ်ခေါင်းတွေထဲ ပိတ်မိနေသူတွေကို ကယ်ဆယ်တာ၊ တံတားတွေ
ပျက်စီးသွားတဲ့နေရာတွေမှာ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ
ပြန်ဖွင့်တာ၊ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို အတည်ပြုဖော်ထုတ်တာ၊ DNA စစ်ဆေးတာနဲ့ ရုပ်အလောင်းတွေကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်ဖို့
လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ စတဲ့ ကဏ္ဍတွေမှာသာ နိုင်ငံခြားအကူအညီ လိုအပ်တယ်လို့
ပြောပါတယ်။
.
“ကျွန်တော်တို့မှာ ကျွမ်းကျင်မှုနဲ့ နည်းပညာပိုင်းဆိုင်ရာ အသိပညာ
မလုံလောက်တဲ့ ကဏ္ဍတွေမှာ အထူးပြုဝန်ဆောင်မှုတွေနဲ့ နည်းပညာအကူအညီတွေ ရရှိဖို့
တောင်းဆိုထားပြီးပါပြီ” လို့ ခါနယ်က ပြောပါတယ်။
.
နီပေါနိုင်ငံဟာ ဟိမဝန္တာတောင်တန်းဒေသမှာ အိန္ဒိယနဲ့
တရုတ်နိုင်ငံကြား တည်ရှိတာဖြစ်ပြီး ရေကြီးမှုကြောင့် တံတား ၂၄ စင်းခန့်
ပျက်စီးသွားခဲ့ပါတယ်။ ဒါကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးတွေ အမြန်ဆုံး
ပြန်လည်လုပ်ဆောင်နိုင်ဖို့ အိန္ဒိယနဲ့ တရုတ်နိုင်ငံထံက ယာယီတပ်ဆင် အသုံး ပြုနိုင်တဲ့ ဘေလီ တံတားတွေ ပေးပို့
ကူညီဖို့လည်း နီပေါဘက်က တောင်းဆိုထားပါတယ်။
.
သောကြာနေ့ အစောပိုင်းမှာ
နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို နီပေါနိုင်ငံ အနေနဲ့
ကိုယ်တိုင် ဆောင်ရွက်နိုင်တယ်လို့ ပြောပြီး နိုင်ငံခြားက ကယ်ဆယ်ရေးအဖွဲ့တွေ
ဝင်ရောက်ကူညီဖို့ ကမ်းလှမ်းချက်တွေကို ငြင်းပယ်ထားခဲ့ပါတယ်။
.
အဲဒီလို နိုင်ငံခြား အကူအညီကို ငြင်းပယ်ထားတဲ့
သူ့အစိုးရရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး မေးမြန်း ရာမှာ နိုင်ငံခြားရေးဝန်ကြီး
ရှီရှီရ် ခါနယ်က အထွေထွေ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် တော့ နိုင်ငံခြား အကူအညီ
မလိုအပ်ဘဲ အဲဒီလုပ်ငန်းတွေကို နီပေါ ကယ်ဆယ်ရေးအဖွဲ့တွေက ကိုယ်တိုင် ဆောင်ရွက်နေကြတာ ဖြစ်တယ်လို့လည်း
ဆိုပါတယ်။
.
လိုနေတာကတော့ နည်းပညာဆိုင်ရာ အကူအညီတွေနဲ့
အထူးပြုဝန်ဆောင်မှုတွေမှာသာ နိုင်ငံခြား အကူအညီ လိုအပ်နေတာလို့ နိုင်ငံခြားရေးဝန်ကြီး
ရှီရှီရ် ခါနယ်က ပြောပါတယ်။
.
Ref
– CNA

No comments:
Post a Comment