တောင်ကြီး ဂိုဒေါင်ညဈေးကြောင့် မြို့မဈေးမြောက်ဘက်မှ ဈေးဆိုင်များ အခက်အခဲ ဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, August 30, 2026

တောင်ကြီး ဂိုဒေါင်ညဈေးကြောင့် မြို့မဈေးမြောက်ဘက်မှ ဈေးဆိုင်များ အခက်အခဲ ဖြစ်နေ

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်

.

တောင်ကြီးမြို့၊ ကုန်သည်လမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် ဂိုဒေါင်ညဈေးကြောင့် မြို့မဈေး မြောက် ဘက်တိုက်တန်းမှ ဈေးဆိုင်များ အရောင်းအဝယ်ကျဆင်းပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဈေးသူ/ဈေးသားများထံက သိရသည်။

.

.

ညဈေးတန်း ဆိုင်ခန်းများအတွင်းမှ မီးခိုးနှင့် အညှော်နံ့များ နေ့စဉ်ဝင်ရောက်နေသည့်အပြင် ကာရံထားသည့် မိုးကာနှင့် သံတိုင်များကြောင့် ဆိုင်မြင်ကွင်းကို ကွယ်နေပြီး အရောင်းအဝယ် သိသိသာသာ ကျဆင်းနေရ သည်ဟု မြို့မဈေးအတွင်း ဈေးရောင်းချနေသူများက ပြောဆိုကြသည်။

.

“ဆိုင်ခန်းရဲ့အရှေ့မှာ သံတိုင်ထောင်ပြီး မိုးကာနဲ့ အုပ်ထားတော့ ကျွန်မတို့ဆိုင်ခန်းတွေက ကွယ်ကုန်တယ်။  ဆိုင်ဖွင့်ခါစ မီး‌မွေးတဲ့အချိန် ထွက်လာတဲ့ မီးခိုးတွေက ဆိုင်အတွင်းကို ဝင်လာတယ်။ နေ့တိုင်း အညှော်မိ နေတယ်။” ဟု ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

.

ယင်း ညဈေးတန်းအတွင်းမှ ထွက်ရှိသည့် မီးခိုးနှင့် အညှော်နံ့များကြောင့် ရောင်းချနေသည့် ကုန်ပစ္စည်း ထိခိုက် ပျက်စီးမှုများလည်း ရှိနေရပြီး ဆိုင်ခန်း ဆက်လက်ဖွင့်လှစ်ရောင်းချရန်ပင် ခက်ခဲနေသည်ဟု ဈေးသည်များ ထံက သိရသည်။

.

အဆိုပါ ညဈေးတန်း ဆောက်လုပ်ပြီးနောက်ပိုင်းမှစ၍ မြို့မဈေးမြောက်ဘက်တန်းရှိ ဈေးဆိုင်များသို့ ဈေးဝယ်သူ ဝင်ရောက်မှု သိသိသာသာ နည်းပါးသွားပြီး ယခင်က တစ်ရက်ရောင်းရငွေ ကျပ်သိန်း ၃၀ မှ ၄၀ အထိ ရရှိခဲ့သော ဈေးဆိုင်များမှာ လက်ရှိတွင် တစ်ရက် ကျပ် ၃ သိန်းဖိုးခန့်သာ ရောင်းချရတော့သည် ဟု ဆိုကြသည်။

.

ယင်းကဲ့သို့ မူလမြို့မဈေး မြောက်ဘက်တိုက်တန်းရှေ့ မျက်နှာစာတွင် ပိတ်၍ ဆောက်လုပ်ထားသည့် ညဈေး တန်းကြောင့် ဈေးဆိုင်ခန်းများ အရောင်းအဝယ် ကျဆင်းပြီး မီးခိုးအညှော်နံ့ ပြဿနာ နေ့စဉ် တွေ့ကြုံ ခံစားနေရသည့်အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကူညီဖြေရှင်းပေးစေလိုကြောင်း ဈေးသည်များထံက သိရသည်။

.

တောင်ကြီးမြို့၊ မြို့မဈေးတောင်ဘက်၊ တပင်ရွှေထီးလမ်းရှိ ညဈေးတန်းကို City Square Shopping Center မှ ၇ ထပ် ကားပါကင်အဆောက်အဦ ဆောက်လုပ်ရန်အတွက် ယခု ကုန်သည်လမ်းသို့ ပြီးခဲ့သည့် မေလ ၁၆ ရက်က ပြောင်းရွှေ့ထားခဲ့ခြင်းဖြစ်ပြီး အသစ်ပြောင်းရွှေ့ထားသည့် ညဈေးတန်းသည် ယာဉ်ကြောပိတ်ဆို့မှု၊ ရေစီးရေလာ မကေင်းမွန်မှု၊ မီးခိုးညှော်နံ့နှင့် အနံ့အသက်ဆိုးထွက်ပေါ်နေမှုများကြောင့် ဒေသခံများအကြား ဝေဖန်မှုများလည်း ရှိနေသည်။

.

“ညဈေးက ညဈေးနဲ့မတူဘူး။ ဂိုဒေါင်ကြီးနဲ့ တူနေတယ်။ အစားအသောက်တွေ ကြော်လှော်ရောင်းပါတယ် ဆိုမှ လေဝင်လေထွက်က မကောင်း၊ အောက်က ရေစီးရေလာက မကောင်း၊ အနံ့အသက်က မကောင်း ဖြစ်နေတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

အဆိုပါ ကုန်သည်လမ်းရှိ ညဈေးတန်းတွင် ဒေသထွက်ရိုးရာ အစားအသောက်ဆိုင်များ၊ အထည်ဆိုင်များ အများဆုံး ရှိနေပြီး နံနက်ပိုင်းတွင် သား၊ ငါးအရောင်းဆိုင်နှင့် ကုန်စိမ်းဈေးသည်များ နေ့တစ်ပိုင်း ရောင်းချ လေ့ရှိကာ ဂိုဒေါင်ညဈေးဟု ဒေသခံများက ဝေဖန်ပြောဆိုလျက်ရှိသည်။

.

No comments:

Post a Comment

Pages