.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဖာလဲသွားကားလမ်းတွင်
ဩဂုတ်လ ၂၉ ရက်၊ ညပိုင်းက အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
တောင်ကြီးနယ်မြေရဲစခန်း တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၉ ရက်၊ ညပိုင်းက တောင်ကြီး-ဖာလဲသွားကားလမ်း၊ ဘန့်ကွဲကျေးရွာ
လုံခြုံရေးဂိတ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် များအား ပိတ်ဆို့ရှာဖွေနေစဉ် ဖာလဲကျေးရွာဘက်မှ
တောင်ကြီးမြို့ဘက်သို့ အမျိုးသားတစ်ဦး စီးနင်း လာသည့် Followme 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေး ခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ဆိုင်ကယ်စီးနင်းလာသူမှာ တောင်ကြီးမြို့၊
သစ်တောရပ်ကွက်နေ ကျော်စိုးလင်း ဆိုသူ ဖြစ်ကြောင်း သိရပြီး ၎င်းဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီ
အိတ်ကပ်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ် အိတ်ဖြင့်ထုပ်လျက် အပြာရောင်ကပ်ခွာအိတ်များဖြင့်
ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၂၀၀
ပြားစီပါ ၇ အိတ် နှင့် ၁၆၀ ပြားပါ ၁ အိတ်၊ စုစုပေါင်း ဆေးပြား ၁၅၆၀ ပြား၊ တန်ဖိုး
၇၈၀၀၀၀ ကျပ်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ဘန့်ကွဲမှာ မူးယစ်ဆေးဖမ်းမိတာ ဟုတ်ပါတယ်။ မူးယစ်ဥပဒေနဲ့
အမှုဖွင့်ထားပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လက်ဝယ်တွေ့ရှိသူ
ကျော်စိုးလင်း အား တောင်ကြီးနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment