သီပေါမြို့နယ်မှ စာသင်ကျောင်းအချို့ လုံခြုံရေးအခြေအနေအရ ပြန်ပိတ်ထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, September 5, 2026

သီပေါမြို့နယ်မှ စာသင်ကျောင်းအချို့ လုံခြုံရေးအခြေအနေအရ ပြန်ပိတ်ထား

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ဖွင့်လှစ်ခွင့်ပြုထားသည့် အခြေခံပညာကျောင်း ၁၇ ကျောင်း အနက် ကျောင်းအချို့ကို လုံခြုံရေးအခြေအနေအရ ပိတ်ထားရသည်ဟု သိရသည်။

.

.

“အခြေခံပညာ ၁၇ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့တယ်။ အဲဒီထဲက ကျောင်း ၄ ကျောင်းမှာ နယ်မြေ အနေအထား စိတ်မချရတဲ့အတွက် ခေတ္တယာယီ ပိတ်လိုက်တာဖြစ်ပါတယ်။ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်း၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီးတော့ အဆင့်ဆင့်တင်ပြပြီး မကြာခင် ဖွင့်လှစ်နိုင် အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်း သက်စံက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ကိုးကန့်တပ် MNDAA ကလည်း ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဒေသများ၌ အထူးဒေသ(၁) ပညာရေးဌာနမှ အခြေခံပညာကျောင်းများအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ သီပေါမြို့နယ်ရှိ ယင်း ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသည့် ကျောင်း ၁၇ ကျောင်းမှ ကျောင်းအချို့လည်း ပါဝင်နေခြင်းဖြစ်သည်။

.

အဆိုပါအခြေအနေနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က နိုင်ငံတော်အစိုးရအကြီးအကဲများ နှင့် လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးကြမည့် ကိစ္စဖြစ်ပြီး လက်ရှိ ပိတ်သိမ်းရသည့် ကျောင်း ၄ ကျောင်းနှင့် ပတ်သက်၍ မကြာမီ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

.

ပိတ်သိမ်းရသည့် ကျောင်း ၄ ကျောင်းမှာ ပန်ညု၊ ဆွတ်လန်း၊ ပန်ဆောင်မိန်းနှင့် မြို့ဟောင်း အခြေခံပညာ ကျောင်းများ ဖြစ်ပြီး ကျန်ကျောင်း အချို့ကိုလည်း အခြေအနေရ ခေတ္တယာယီ ပိတ်ထားရမည် ဖြစ်ကြောင်း သိရသည်။

.

“နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်မှုနဲ့အတူ အခြေခံပညာ ကျောင်းသား/သူတွေ ပညာသင်ယူခွင့် မဆုံးရှုံးနိုင် စေရေးအတွက် တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာလျှင် ကလေးတွေရဲ့ ပညာသင်ကြားခွင့် မဆုံးရှုံးအောင် ဆက်လက်ဆောင်ရွက်နိုင်မယ်။ ကျောင်းတွေလည်း တိုးချဲ့ဖွင့်လှစ် နိုင်ပြီး အေးချမ်းစွာ ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်” ဟု စိုင်းကောင်းသက်စံက ဆက်လက်ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ အကြောင်း အမျိုးမျိုးကြောင့် ပိတ်သိမ်းထားရသည့် အခြေခံပညာ စာသင်ကျောင်း ၁၇ ကျောင်းကို ဩဂုတ်လ ၂၉ ရက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် လုံခြုံရေးအခြေအနေအရ ကျောင်းအချို့ကို ယာယီ ပြန်လည်ပိတ်သိမ်းထားရခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages