.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် လမ်းဘေးရပ်နားထားသည့်
ကားများ၏ အစိတ်အပိုင်း ပစ္စည်းများ မကြာခဏ ဖြုတ်ခိုးခံနေရကြောင်း ယာဉ်ပိုင်ရှင်များထံက
သိရသည်။
.
.
ခိုးယူသူများက ကားနောက်ကြည့်မှန်၊ ကားဆွဲပေါက် အဖုံး
စသည့် ဖြုတ်ယူရလွယ်သည့် အစိတ်အပိုင်းများကို ခိုးယူနေကြခြင်းဖြစ်ပြီး ခိုးယူခံရသည့်
ကားပိုင်ရှင်များအနေဖြင့် ငွေကြေးအပိုကုန်ကျသည့်အပြင် အလုပ် အပျက်ခံ၍ ဝပ်ရှော့ပို့ကာ
ပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။
.
“ဒီဘက်မှန်လို ကားဆွဲပေါက် အဖုံးလိုဟာတွေက ပြန်ရောင်းလို့လည်း
ဘယ်လောက်မှ ရတာမဟုတ်ဘူး။ ကားပိုင်ရှင်အတွက်တော့ တော်တော်ကို ဒုက္ခများတယ်။ ဘက်မှန်မရှိရင်
သွားလို့က မရတော့ဘူး။ အလုပ် ပျက်၊ အကိုင်ပျက်နဲ့ ပြန်ရှာဝယ်တပ်ရတာပေါ့” ဟု နောက်ကြည့်မှန်
ခိုးယူခံရသည့် ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
.
ထို့အတူ ကားဝပ်ရှော့များတွင်လည်း ကားရှေ့ရှိ ဆွဲပေါက်အဖုံး
ခိုးယူခံရသဖြင့် လာရောက်ပြင်ဆင်သည့် ကား များစွာရှိနေပြီး ဆွဲပေါက်အဖုံး ပျောက်ဆုံးသွားသည့်
ကားများကို မူလအတိုင်း အဖုံးသစ် ပြန်လည်တပ်ဆင် ပေးခြင်း သို့မဟုတ် ဆွဲပေါက်နေရာကို
ပြန်လည်ဖာထေးပေးခြင်းများ ပြုလုပ်ပေးနေရသည်ဟု ကားဝပ်ရှော့ များထံက သိရသည်။
.
ကားဆွဲပေါက်အဖုံးများမှာ ကားအမျိုးအစားနှင့်
ဒီဇိုင်းပေါ်မူတည်၍ ပုံစံကွဲပြားပြီး ပျောက်ဆုံးသွားသည့် နေရာကို
ပြန်လည်ပြုပြင်ရာတွင်လည်း ကားပိုင်ရှင်များ၏ လိုအပ်ချက်အပေါ်မူတည်၍
နည်းလမ်းအမျိုးမျိုး အသုံးပြုကြကြောင်း သိရသည်။
.
“တချို့က အဝိုင်း၊ တချို့က လေးထောင့်ပုံစံ
ဖြစ်ပါတယ်။ ပြန်ပြင်တဲ့အခါ ဆေးမှုတ်ပေးတာရှိသလို စတေကာ ကပ်ပြီး
ပြန်လုပ်တဲ့သူတွေလည်း ရှိပါတယ်” ဟု ကားဝပ်ရှော့ ပိုင်ရှင်တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်ရှိ အထပ်မြင့် လူနေတိုက်ခန်း အများစုမှာ
ကားပါကင် သီးခြား မပါရှိသဖြင့် ကားပိုင်ရှင် များမှာ ကားများကို လမ်းမပေါ်တွင် ညအိပ်ရပ်နားနေကြရခြင်းဖြစ်ပြီး
ခိုးယူသူများအား ဖိတ်ခေါ်သလို ဖြစ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
.
မြို့တော် တောင်ကြီးတွင် ယင်းကဲ့သို့ ကားပစ္စည်းများ
ဖြုတ်ခိုးခံရမှုများ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့်
လှည့်ကင်း၊ ပတ်ကင်းများဖြင့် လုံခြုံရေးကို ပိုမို တိုးချဲ့ လုပ်ဆောင်ပေးစေလိုသည်ဟု
ဒေသခံများထံက သိရသည်။
.

No comments:
Post a Comment