.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်
.
ဒိန်းမတ်နိုင်ငံနဲ့ အခြား ဥရောပသမဂ္ဂ EU အဖွဲ့ဝင် ၄ နိုင်ငံဟာ ခိုလှုံခွင့်လျှောက်ထားမှု ငြင်းပယ်ခံရတဲ့
ရွှေ့ပြောင်းနေထိုင်သူတွေကို EU ပြင်ပနိုင်ငံတွေမှာ
တည်ထောင်မယ့် “Return Hub” လို့ခေါ်တဲ့ စင်တာတွေဆီ ၂၀၂၇
ခုနှစ်ကစပြီး ပို့ဆောင်နိုင်ဖို့ စံပုံစံတစ်ခုကို သဘောတူညီခဲ့ကြပါတယ်။
.
.ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ
ပြုလုပ်ခဲ့တဲ့ တစ်ရက်တာအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ EU နိုင်ငံတွေက ခိုလှုံခွင့်ငြင်းပယ်ခံရသူတွေကို မိခင်နိုင်ငံမဟုတ်တဲ့ EU
ပြင်ပ တတိယနိုင်ငံတွေဆီ ပို့ဆောင်ဖို့ ကြိုးပမ်းမှုရဲ့
နောက်ဆုံးတိုးတက်မှုတစ်ခုလည်း ဖြစ်ပါတယ်။
.
ဒိန်းမတ် လူဝင်မှုကြီးကြပ်ရေးနဲ့
ပေါင်းစည်းရေးဝန်ကြီး မော်တန် ဘော့ဒ်စကိုဗ်က ဒီအစီအစဉ်ဟာ ဥရောပရဲ့
လူဝင်မှုကြီးကြပ်ရေးနဲ့ ခိုလှုံခွင့်စနစ်ကို အခြေခံကျကျ ပြောင်းလဲသွားစေမယ့်
ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။
.
ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်၊ ဩစတြီးယားနဲ့
ဂရိနိုင်ငံတို့ ပါဝင်တဲ့ EU ၅ နိုင်ငံဟာ Return Hub တွေ တည်ထောင်နိုင်ရေးအတွက် အဓိကအားဖြင့် အာဖရိကနိုင်ငံအစိုးရတွေနဲ့
ဆွေးနွေးညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။
.
လူ့အခွင့်အရေးအဖွဲ့တွေကတော့
ရွှေ့ပြောင်းနေထိုင်သူတွေကို တတိယနိုင်ငံတွေရှိ စင်တာတွေ သို့မဟုတ်
အကျဉ်းစခန်းတွေထံ ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်အပေါ် ဝေဖန်မှုတွေ ပြုလုပ်နေကြ
ပါတယ်။ ဥရောပနိုင်ငံတွေဟာ အဆိုပါ တတိယနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့
အခွင့်အရေး တွေကို လေးစားကာကွယ်ပေးမယ်ဆိုတာ အာမခံနိုင်မှာ မဟုတ်ဘူးလို့
ထောက်ပြကြပါတယ်။
.
ဒါပေမဲ့ ဒိန်းမတ် လူဝင်မှုကြီးကြပ်ရေးနဲ့
ပေါင်းစည်းရေးဝန်ကြီး မော်တန် ဘော့ဒ်စကိုဗ်က Return Hub တွေဟာ
ဖမ်းဆီးထိန်းသိမ်းရေးနဲ့ ပြည်နှင်ဒဏ်ပေးရေးစင်တာတွေအတွက် အမည်ပြောင်း ခေါ်ဆိုထားတာ
သာဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုကို ပယ်ချခဲ့ပါတယ်။
.
အဆိုပါ စင်တာတွေကို အပြည်ပြည်ဆိုင်ရာ
ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM နဲ့ ကုလသမဂ္ဂ
ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့က
စောင့်ကြည့်ကြပ်မတ်သွားမယ်လို့လည်း သူက ပြောပါတယ်။
.
“ကျွန်တော်တို့က စခန်းတွေတည်ဆောက်ဖို့
ပြောနေတာမဟုတ်ပါဘူး။ ဒီနေ့အချိန်မှာ ကိုယ့်နိုင်ငံကို မပြန် နိုင်သေးတဲ့၊
ကျွန်တော်တို့နိုင်ငံတွေမှာလည်း တရားဝင်နေထိုင်ခွင့်မရှိတဲ့ တရားမဝင်ရွှေ့ပြောင်း
နေထိုင်သူ တွေအတွက် အခွင့်အလမ်းသစ်တစ်ခု၊ ဘဝအသစ်စတင်နိုင်မယ့် အခွင့်အရေးအကြောင်း
ပြောနေတာ ဖြစ်ပါတယ်” လို့ ဘော့ဒ်စကိုဗ်က ပြောပါတယ်။
.
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR
ကတော့ အဆိုပါ Return Hub အစီအစဉ်နဲ့ ပတ်သက်ပြီး
အသေးစိတ်အချက်အလက်တွေကို တရားဝင် ဆွေးနွေးတင်ပြထားခြင်း မရှိသေးတာကြောင့်
လက်ရှိဆွေးနွေးနေတဲ့ အစီအစဉ်အသေးစိတ် ဒါမှမဟုတ် UNHCR ရဲ့
အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မှတ်ချက် ပေးနိုင်ခြင်း မရှိသေးဘူးလို့ AP ကို ပြောပါတယ်။
.
အပြည်ပြည်ဆိုင်ရာ
ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM ကလည်း Return Hub
တွေမှာ ပါဝင်ဆောင်ရွက် မယ့် အခန်းကဏ္ဍကို ဆုံးဖြတ်ထားခြင်းမရှိသေးဘဲ
ဆွေးနွေးမှုတွေဟာ စူးစမ်းလေ့လာတဲ့ အဆင့်မှာပဲ ရှိနေ သေးတယ်လို့ ဆိုပါတယ်။
.
IOM ဟာ EU အဖွဲ့ဝင်နိုင်ငံအချို့ကို
ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အခွင့်အရေးကာကွယ်ရေးနဲ့ လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ
ကိစ္စတွေမှာ နည်းပညာအကြံပြုချက်တွေ ပေးထားတယ်လို့လည်း ပြောပါတယ်။
.
IOM ကတော့ Return Hub အစီအစဉ်ဟာ
EU ရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်၊ ရွှေ့ပြောင်း နေထိုင်သူတွေရဲ့
အခွင့်အရေးကို ကာကွယ်ရမယ်၊ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတွေရဲ့ အကျိုးစီးပွားကို
လေးစားရမယ်၊ ထိခိုက်ခံရသူတွေအတွက် ရေရှည်တည်တံ့ပြီး အဓိပ္ပာယ်ရှိတဲ့
ဖြေရှင်းချက်တွေရရှိနိုင်အောင် သေချာစေရမယ်လို့ အလေးပေးပြောဆိုထားပါတယ်။
.
ဝန်ကြီးတွေက ဘယ်နိုင်ငံတွေမှာ Return Hub
တွေ တည်ဆောက်ဖို့ စဉ်းစားနေတယ်ဆိုတာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေမဲ့
၂၀၂၇ ခုနှစ်အစောပိုင်းမှာ ပထမဆုံး သဘောတူညီချက် ရရှိမယ်လို့ မျှော်လင့် ထားကြောင်း
ဒိန်းမတ်ဝန်ကြီး မော်တန် ဘော့ဒ်စကိုဗ်က ပြောပါတယ်။
.
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Return Hub အယူအဆကို လှောင်ပြောင်ဝေဖန်ခဲ့ကြပြီး EU နဲ့
နိုင်ငံတကာ ဥပဒေတွေနဲ့ မကိုက်ညီဘူးလို့ သတ်မှတ်ခဲ့ကြပေမယ့် တရားမဝင်
ရွှေ့ပြောင်းဝင်ရောက် မှုတွေကို ပိုမို တင်းကျပ်စွာ ကိုင်တွယ်ဖို့ လူထုနဲ့
နိုင်ငံရေးဖိအားတွေကြောင့် EU ရဲ့ ဥပဒေတွေ
ပြောင်းလဲလာခဲ့တယ်လို့ သူက ဆိုပါတယ်။
.
Ref – AP
.

No comments:
Post a Comment